သွေးတိုးရှိသူတွေ နွေရာသီမှာ ပိုသတိထားသင့်လား
သွေးတိုးတယ်….. သွေးပေါင်ချိန်တက်တယ်ဆိုတဲ့ အခြေအနေဟာ အဖြစ်များပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေလဲ ရှိတာကြောင့် အထူးသတိထားသင့်ပါတယ်။
အခုလို ပူပြင်းတဲ့ကာလမှာ ခန္ဓာကိုယ်တွင်း အပူအအေး မျှတစေဖို့ ထိန်းညှိမှုတွေ ပိုပြီးလုပ်ရတာကြောင့် နှလုံးက ပိုအလုပ်လုပ်ရသလို သွေးတိုးရှိတဲ့သူတွေအနေနဲ့ ပို ဂရုစိုက်ဖို့ လိုတာကြောင့် ဆောင်ရန် ရှောင်ရန် အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။
(၁) ရေဓါတ်ခမ်းခြောက်မှုကို သတိပြုပါ
ဒီကာလမှာ ချွေးနဲ့အတူ ရေဓါတ်၊ ဆားဓါတ် ဆုံးရှုံးမှုက ပိုများနိုင်လို့ သွေးပေါင် ကျစေနိုင်တယ်ဆိုပေမယ့် တကယ်လို့ သွေးတိုးကျဆေးသောက်နေတယ်၊ ဆီးဆေးတွေ သောက်နေရတယ်ဆိုရင် သွေးပေါင်အလွန်အမင်းကျတာနဲ့ ရေဓါတ်ခမ်းခြောက်မှု ပိုဆိုးနိုင်တဲ့အတွက် သတိထားသင့်ပါတယ်။ ကော်ဖီနဲ့ ဆိုဒါပါဝင်မှုများတဲ့ အရည်တွေကလဲ ရေဓါတ်ခမ်းခြောက်တာကို ပိုဆိုးစေနိုင်လို့ ပမာဏများများ မသောက်သင့်ပါဘူး။
(၂) အရက်၊ ဆေးလိပ် လျှော့ပါ
ဆေးလိပ်က သွေးကြောတွေရဲ့ လုပ်ဆောင်မှုကို ကျဆင်းစေနိုင်ပြီး ဆိုးကျိုးများတာကြောင့် နွေရာသီတင်မကပဲ အမြဲ ရှောင်သင့်တဲ့ အရာတစ်ခုပါ။ အရက်နဲ့ ဆေးလိပ်ကို အလွန်အကျွံသောက်ခြင်းက သွေးတိုးပြဿနာကို ပိုဆိုးစေနိုင်တာကြောင့် နွေရာသီမှာ အထူး သတိထားနိုင်ရင် အကောင်းဆုံးပါပဲ။
(၃) နေပူထဲ အချိန်ကြာကြာမနေပါနဲ့
နွေရာသီ နေ့ရက်တွေရဲ့ အပူဆုံးအချိန် အထူးသဖြင့် မနက် ၁၀ နာရီကနေ နေ့လည် ၃ နာရီအတွင်းမှာ နေပူထဲ အကာအကွယ်မပါပဲ အကြာကြီးနေတာ ၊ ကိုယ်လက်လှုပ်ရှားမှု ပြင်းပြင်းထန်ထန်လုပ်တာတွေကို ရှောင်သင့်ပါတယ်။ ရာသီဥတု ပူလွန်းတဲ့အခါမှာ ခန္ဓာကိုယ်က ပိုပင်ပန်းသလို ထိခိုက်မှု ရှိနိုင်တာကြောင့် နေရိပ်ထဲမှာပဲ မကြာခဏ နားပေးဖို့လိုပါတယ်။ အဝတ်အစားကိုလဲ ပွပွချောင်ချောင်၊ လေဝင်လေထွက်ကောင်းတာမျိုးကို ဝတ်သင့်ပါတယ်။
(၄) နေပူထဲက ပြန်လာခါစမှာ ရေမချိုးပါနဲ့
နေအရမ်းပူတဲ့ အချိန် အပူချိန်များလွန်းတဲ့နေရာကနေ ပြန်လာချင်းမှာ အရမ်းအေးလွန်းတဲ့ အခန်းထဲတန်းဝင်တာ၊ ရေချိုးတာ၊ ရေခဲရေသောက်တာတွေကြောင့် ခန္ဓာကိုယ်က အပူအအေးထိန်းညှိမှု ပိုလုပ်ရတာဖြစ်လို့ အန္တရာယ်ရှိနိုင်ပါတယ်။ ဒါ့ကြောင့် အပြင်က ပြန်လာပြီးချင်းမှာ အပူအအေးမျှတအောင် ခဏ အနားယူတာ၊ အပန်းဖြေတာ လုပ်ပြီးမှ ရေချိုးပါ။
(၅) ကျန်းမာစေမယ့် အစားအသောက်ကို ရွေးချယ်စားသုံးပါ
အချို၊ အငန်ဓါတ် များလွန်းတဲ့ အစားအစာတွေဟာ ရေနဲ့ ဆားဓါတ် စွန့်ထုတ်မှုကို နှောင့်နှေးစေပြီး သွေးပေါင်တက်ခြင်းကို ပိုဆိုးစေပါတယ်။ အထူးသဖြင့် ရာသီဥတုပူချိန်မှာ သွေးပေါင်ချိန်တက်ခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ပိုများနိုင်တာကြောင့် အာဟာရရှိပြီး အမျှင်ဓါတ်ပါဝင်မှုများတဲ့ အစားအစာတွေကိုပဲ ရွေးချယ်စားသုံးသင့်ပါတယ်။
အထူးသဖြင့် အသက် ၅၀ ကျော်အရွယ်၊ အဝလွန်သူ၊ နှလုံးကျောက်ကပ် ရောဂါအခံရှိသူတွေမှာ ပိုပြီး သတိထားဖို့ အရေးကြီးပါတယ်။ တကယ်လို့ ထူးခြားတဲ့ လက္ခဏာတွေဖြစ်တဲ့ ခေါင်းကိုက်တာ၊ ကြွက်တက်တာ၊ ခြေလက်ဖောရောင်တာ၊ ရင်တုန်တာ၊ မောပန်းလွယ်တာနဲ့ ချွေးအလွန်အမင်းထွက်တာတွေ ဖြစ်ခဲ့ရင်တော့ လုံးဝမပေါ့ဆသင့်ပါဘူး။ ဆေးရုံဆေးခန်းမှာ အမြန်ဆုံး ကုသမှု ခံယူဖို့ လိုကြောင်း ဗဟုသုတအနေနဲ့ မျှဝေလိုက်ရပါတယ်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)